အိမ်တွင်းလေထုညစ်ညမ်းခြင်း ဆိုသည်မှာ
လေထုညစ်ညမ်းတယ်လို့ ဆိုလိုက်ရင် အိမ်ပြင်ထွက်မှ ပတ်ဝန်းကျင်ကရတဲ့ လေထုညစ်ညမ်းမှုတွေလို့ပဲ ထင်တတ်ကြတယ် မဟုတ်လား။ တကယ်တော့ အိမ်ထဲမှာလည်း လေထုညစ်ညမ်းမှု ဖြစ်နိုင်ပြီး အိမ်တွင်းလေထုညစ်ညမ်းမှုဟာ ရှောင်လွှဲနေဖို့ ခက်ခဲတဲ့အတွက် ပိုမိုကြီးမားတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ အခုလို မီးမလာတာနဲ့ မီးပြတ်တာ တစ်လှည့်စီ ဖြစ်နေတဲ့အချိန်တွေဟာ အိမ်တွင်းလေထုညစ်ညမ်းမှုကို ပိုမိုဖြစ်စေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့မှတ်တမ်းများအရ ၂၀၂၀ ခုနှစ်မှာ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးသူပေါင်း ၃.၂ သန်းခန့်ရှိပြီး ထိုထဲကမှ ၂၃၇၀၀၀ ခန့်ဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် နှလုံးသွေးကြောကျဥ်းရောဂါ၊ COPD လို့ခေါ်တဲ့ နာတာရှည်အဆုတ်လေပြွန်ကျဥ်းသည့်ရောဂါ၊ အဆုတ်ကင်ဆာနဲ့ လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။
အိမ်တွင်းလေထု ညစ်ညမ်းမှုကို အဓိကဖြစ်စေတဲ့ အရာကတော့ ချက်ပြုတ်တဲ့နေရာကပါ။ လျှပ်စစ်မီးမလာလို့ဖြစ်စေ၊ လျှပ်စစ်မီးမရှိလို့ဖြစ်စေ ထင်း၊ မီးသွေးတွေနဲ့ ချက်ပြုတ်ရတဲ့အခါ ရှူမိတဲ့ မီးခိုးငွေ့တွေ၊ ကာဗွန်အမှုန်တွေက အဆုတ်ထဲ၊ ခန္ဓာကိုယ်ထဲ ရောက်သွားရာက အထက်မှာ ဖော်ပြထားတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ လျှပ်စစ်မီးနဲ့ Deep Fry လို့ခေါ်တဲ့ ဆီကြော်တွေ၊ အကင်တွေ လုပ်စားရင်လည်း လေထုညစ်ညမ်းမှု ဖြစ်နိုင်ပါတယ်။
အခုလို အေးတဲ့ရာသီတွေမှာ သစ်ရွက်ခြောက်နဲ့ အမှိုက်တွေ စုပုံမီးရှို့တတ်ကြတယ်နော်။ အဲဒီလို မီးရှို့ရာက ထွက်လာတဲ့အငွေ့တွေကလည်း ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုအပြင် အိမ်တွင်းလေထုညစ်ညမ်းမှုကိုပါ ဖြစ်စေပါတယ်။ ပလတ်စတစ်အမှိုက်တွေ ပါရင် ပိုဆိုးမှာပါ။
ဒါ့အပြင်
- ရေချိုးခန်း၊ အိမ်သာနဲ့ မှောင်ရိပ်ကျတဲ့ အိမ်အတွင်းပိုင်းမှာ ကပ်ငြိနေတတ်တဲ့ မှိုပိုးမွှားတွေ
- အပြင်ကပြန်လာတဲ့အခါ ဖိနပ်နဲ့ခြေအိတ်တွေမှာ ကပ်ပါလာတတ်တဲ့ ဘက်တီးရီးယားပိုးတွေ
- ပရိဘောဂတွေမှာ ကပ်နေတတ်တဲ့ ဖုန်မှုန်တွေနဲ့ ပိုးမွှားတွေ
- အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေး၊ သန်းနဲ့ အညစ်အကြေးတွေ
- ဆေးလိပ်သောက်တတ်သူရှိရင် ဆေးလိပ်ငွေ့တွေ
- ခြင်ဆေးခွေနဲ့ အမွှေးတိုင်က အငွေ့တွေကလည်း အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်စေတဲ့ တရားခံတွေပါ။
ဘာလုပ်ရမလဲ?
(1) လေဝင်လေထွက်ကောင်းအောင်နဲ့ အလင်းရောင်ရအောင် ပြတင်းပေါက်နဲ့ တံခါးတွေ ဖွင့်ထားပါ။
(2) ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။
(3) အိမ်မွေးတိရိစ္ဆာန်တွေကို ပုံမှန် ရေချိုးသန့်စင်ပေးပါ၊ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ပါ။
(4) မီးဖိုခန်း၊ ရေချိုးခန်းနဲ့ အိမ်သာတွေမှာ exhaust fan တပ်ပါ။
(5) Aircon က filter တွေကို ပုံမှန် လဲလှယ်ပေးပါ။
(6) လေထုသန့်စင်စက် air purifier အသုံးပြုပါ။
(7) အပြင်ကပြန်လာရင် သုတ်ဖို့ ခြေသုတ်ခုံ သီးသန့်ထားပါ။ အိမ်စီးဖိနပ် သပ်သပ်ထားပါ။
(8) ကော်ဇောခင်းတာက ပိုးမွှားနဲ့ ဖုန်မှုန့်တွေ ကပ်ငြိနေစေနိုင်လို့ ဖြစ်နိုင်ရင် မခင်းပါနဲ့။
(9) ဖုန်စုပ်စက် အသုံးပြုပါ။
(10) အိမ်ထဲမှာ မီးလင်းဖို ထားတာမျိုးရှောင်ပါ။
(11) အမှိုက်တွေကို မီးရှို့တာမျိုး မလုပ်ဘဲ သစ်ရွက်ခြောက်နဲ့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေကို မြေသြဇာပြန်လုပ်တာမျိုးက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှုဟာ အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။ အထက်ပါအချက်တွေကို ဂရုတစိုက်လိုက်နာရင် အိမ်တွင်းလေထုညစ်ညမ်းမှုတွေကို လျော့နည်းစေမှာ အမှန်ပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်